သထုံ ဇူလိုင် ၆
မွန်ပြည်နယ်၊ သထုံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံမြို့နယ် ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သထုံမြိုနယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟကျော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေး၏ အဓိပ္ပါယ်နှင့် အမျိုးအစားများ၊ ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများတို့ကို အကျယ်တဝင့် ရှင်းလင်းပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က မိုင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများ၊ ဝန်းကျင်၌ မိုင်းအန္တရာယ်ကင်းဝေးရေး ဂရုပြု လိုက်နာသင့်သည့် အချက်များ စသည့် ဆောင်ရန်/ရှောင်ရန်တို့ကို ဆွေးနွေးဟောပြောကြရာ ကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားပြီး သိရှိလိုသည်တို့ကို ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ Grade(10) နှင့် Grade(11) ကျောင်းသူ/ကျောင်းသား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)