ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံ

ကျောက်ဖြူ  ဇူလိုင်  ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိနေသေးသည့် ဝန်ထမ်းနှင့် မိသားစုဝင်များကို  ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။

ကျောက်ဖြူမြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပြီးသူ (၈၆၅၁၇) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၇၁၅၄၃)ဦး၊ ထပ်ဆောင်း ထိုးနှံပြီးသူ (၁၁၀၂၅)ဦး ရှိပြီး ယနေ့တွင် ဆေးထိုးရန် ကျန်ရှိနေသေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း