သံတွဲ ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတွဲခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာအုပ်/စာပေ ဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများအား အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုလေ့လာရှာမှီးနိုင်စေရေး အတွက် ယနေ့နံနက်(၁၁)နာရီက မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်း ပေးခဲ့သည့်အပြင် အသင်းဝင်ကတ်များကိုလည်း အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီး တတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ် ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလိုဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်း ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)