မြစ်ကြီးနား ဇူလိုင် ၆
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ညှိနှိုင်းဖြန်ဖြေဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်ညှိနှိုင်း ဖြန်ရေးအဖွဲ့(KNT)ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့နိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကာလမှ စတင်ပြီး အတွေး အခေါ်ခံယူချက် မတူညီမှုများအပေါ် အများပြည်သူ လက်ခံနားလည်စေပြီး ပြည်နယ်တည်ငြိမ် အေးချမ်းမှုရှိစေရေး၊ မိမိတို့တိုင်းရင်းသားများ နစ်နာမှုမရှိ စေရေးတို့အတွက် ယနေ့အထိ ညှိနှိုင်းဖြန်ဖြေကူညီဆောင်ရွက်ပေးကြသည့် ပြည်နယ်ညှိနှိုင်းဖြန်ဖြေ ရေးအဖွဲ့(KNT)အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ချီးကျူးဂုဏ်ယူပါကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်နေသကဲ့သို့ ဆက်လက်၍လည်း လိုအပ်ချက်များအပေါ် ဖြည့် ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအကျိုး၊ ပြည်နယ်အကျိုးအတွက် ဥပဒေ၊ မူဘောင်များနှင့်အညီ ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၏ လုပ်ငန်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နယ်မြေ လုံခြုံရေးအရ နိုင်ငံ့ဝန်ထမ်းများ သွားလာရန် မလွယ်ကူသော နေရာဒေသများအတွက် ပန်းခင်းစီမံချက်၊ ကိုဗစ် ကာကွယ်ဆေးထိုး လုပ်ငန်း များတွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ခရိုင်များ တွင် ခရိုင်ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း၍ ရပ်ရွာဒေသ အလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ ချိတ်ဆက်မှုပိုမိုအားကောင်းစွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ကျေးဇူးတင် ရှိကြောင်း ထပ်လောင်းပြောကြားပြီး လိုအပ်ချက်များ ကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်