ရေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရေး ဇူလိုင် ၆

မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့နယ်ဥပဒေရုံးမှ ကျောင်းသား/သူများ ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် သိသင့် သိထိုက်သည့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦးက အဖွင့်အမှာစကား ပြောကြားရာ သားတို့/ သမီးတို့ အနေဖြင့် ဥပဒေသည် မိမိတို့နှင့် မသက်ဆိုင်ဘူးဟု ယူဆလို့ မရကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ပါက အေးချမ်းသာယာ ဘေးကင်းကွာဆိုသည့် စကားအတိုင်း သားတို့/သမီးတို့အနေနဲ့ သိသင့် သိထိုက်သည့် ဥပဒေများအကြောင်းကို ဟောပြော သွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ဥပဒေအရာရှိ ဦးစမျိုးဇော်လတ်မှ ကျောင်းသား/သူများအား မြို့နယ်ဥပဒေအရာရှိ၏ အခန်း ကဏ္ဍကို ဦးစွာပထမ မိတ်ဆက် ရှင်းလင်း ဆွေးနွေးပြောကြားပြီး၊ လူသားတို့အား အညွန့်တုံး စေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများနှင့် စပ်လျဉ်းသည့်  ဆေးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ထုတ်လုပ်ခြင်းစသည့် ပြစ်မှုကျူးလွန်ပါက သတ်မှတ်ထားသည့် ဥပဒေပုဒ်မများနှင့်အညီ ထိရောက်စွာ အရေးယူခံရမည့် အကြောင်းများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်ကြီးနှင့်အညီ ကျောင်းသား/သူများမှာ လည်း Mobile ဖုန်းများကို အသုံးပြုလျက်ရှိခြင်းကြောင့် ဆက်သွယ်ရေးဥပဒေနှင့် ပတ်သည့် အရေး အယူအပြစ်ပေးနိုသည့် ဥပဒေပုဒ်မများ အကြောင်းနှင့် ဆောင်ရန်/ရှောင်ရန်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းများကို ဟောပြောပို့ချခဲ့သည်။ အခမ်းအနားသို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမ (၁၃၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရေး (ပြန်/ဆက်)