ပုံပါကျင်မြို့၊ အမှတ်(၁၀၀၇) နယ်ခြား‌စောင့်တပ်၊ အခြေခံပညာမူလတန်း‌ကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပုံပါကျင် ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုံပါကျင်မြို့ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက် စေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှိလာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်း၊ မူးယစ်‌ဆေးဝါး အန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် နယ်လှည့်စာ ကြည့်တိုက်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့ကျင့်ကောင်းများ ရှိလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး အတွက် သုတ၊ ရသစာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဖြူနိုင်(ပြန်/ဆက်)