မန္တလေး၊ စက်တင်ဘာ ၉
အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများစတင်လိုသူများနှင့် တိုးချဲ့လိုသူများအတွက် အွန်လိုင်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများစတင်လုပ်ကိုင်ရန် အကြံအစည်ရှိသူများအတွက် (Business Idea Stage)သင်တန်းနှင့်စီးပွားရေးလုပ်ငန်းလက် ရှိလုပ်ကိုင်နေသူများအတွက်(Business Early Stage)အဆိုပါသင်တန်းနှစ်မျိုးအားဖွင့်လှစ်ခြင်းဖြစ်သည်။
“ဒီသင်တန်းက စနေပြီးသားသင်တန်းပါ၊ ကိုဗစ်ကာလအတွင်းမှာ On Ground Training မသွား နိုင်တဲ့အတွက် Online Training ကိုပြောင်းလိုက်ရတယ်၊ စီးပွားရေးလုပ်ငန်းစတင်ဖို့အတွက် အကြံဉာဏ် ပဲရှိသေးတဲ့သူတွေ၊ လက်ရှိလုပ်ကိုင်နေတဲ့သူတွေအတွက်ရည်ရွယ်ဖွင့်လှစ်ပေးတာ၊ အွန်လိုင်းကနေသင် တာကို Business Idea Stage သင်တန်းသားတွေအတွက် မနက်ပိုင်းနဲ့ Business Early Stage သင်တန်းသားတွေအတွက်ညနေပိုင်း၊ ယခင်က On Ground Training ဖြစ်တဲ့အတွက်သင်တန်းကာလ ၆ ရက်ဖြစ်ပြီး အခု Online Training ကတော့သင်တန်းချိန်၂ ပိုင်းခွဲပြီး ၁၂ ရက်ကြာ သင်ကြားပေးသွားမှာပါ” ဟု သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ ဦးဘုးန်မြတ်ကျော်ကပြောသည်။
သင်တန်းတွင် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းစတင်ရန် စိတ်ကူးရှိသူများတက်ရောက်နိုင်ပြီး စီးပွားရေးဈေးကွက်ရှာဖွေရေးအစီအစဉ်ရေးဆွဲနည်းများကို အသုံးပြုနိုင်ခြင်း၊ အခြေခံဗဟုသုတများ ရရှိစေခြင်း၊ ကောင်းမွန်သည့်စီးပွားရေး အစီမံများလုပ်ဆောင်လာနိုင်ခြင်းစသည့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခင်က On Ground Training အနေဖြင့် သင်ကြားပေးခြင်းဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် Online မှတစ်ဆင့် Zoom ကိုအသုံးပြုပြီး ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုသင်တန်းကို စက်တင်ဘာ ၄ ရက်နေ့ကစတင်ကာ တစ်ပတ် ၃ ရက်နှုန်းဖြင့် ၁၂ ရက်ကြာသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလအပြီးတွင် သင်တန်းသားများအနေဖြင့် မိမိတို့၏စီးပွားရေးအတွက် တိကျသေချာသည့် စီးပွားရေစီမံကိန်းကောင်းများရရှိနိုင်မှာဖြစ်ပြီး အကောင်းဆုံးစီးပွားရေး အကောင်အထည်ဖော်အစီအစဉ်ကို ချပြနိုင်သည့် အနိုင်ရရှိသူများအား Business Early Stage အတွက် ပထမဆု ဆယ်သိန်းကျပ် ၊ဒုတိယဆု ငါးသိန်းကျပ်၊ တတိယဆု သုံးသိန်းကျပ်နှင့် Business Idea Stage အတွက် ပထမဆုငါးသိန်းကျပ်၊ ဒုတိယဆုသုံးသိန်းကျပ်၊ တတိယဆု နှစ်သိန်းကျပ် ဆုများအသီးသီးပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်