ကျောက်တံတား စက်တင်ဘာ ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်း COVID-19 ရောဂါကူးစက် ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ကွင်းဆင်းကာ အိမ်တိုင်ရာရောက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးမျိုးမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များပူးပေါင်းကာ ရပ်ကွက်များအတွင်း အဖွဲ့များခွဲ၍ ရပ်ကွက်နေပြည်သူများအား ၄င်းတို့၏ နေအိမ်များတွင် ကိုယ်အပူ ချိန်များ တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးစစ်ဆေးမှုကျန်ရှိနေသောရပ်ကွက်များသို့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ် ရေးမှူး ရုံးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းကာ ရပ်ကွက်တိုင်း တွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ