ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် အခြင်အတွယ်၊ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေး ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေး

ကျိုင်းတုံ ဇူလိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (ကျိုင်းတုံ)၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အခြင်အတွယ်မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်း ဈေးနှုန်းနှင့် အညီရောင်းချခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊  စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး အရောင်းဆိုင်များရှိ စက်သုံးဆီလက်ကျန်စာရင်းများ တိုင်းတာစစ်ဆေးခဲ့ပြီး စက်သုံးဆီရောင်းချသူများအနေဖြင့်  သတ်မှတ်ထားသော စည်းကမ်းဥပဒေအတိုင်း လိုက်နာရောင်းချရန် အသိပညာပေးပြောကြားသည်။

စက်သုံးဆီအရောင်းဆိုင်များ  အခြင်အတွယ်နှင့် အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရောင်းချစေရန်အတွက်  စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)