ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထပ်မံထိုးနှံ

တာမွေ ဇူလိုင် ၆

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း(၆၀၀)ဦးအား COVISHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“အခုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့နေရာမှာ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွေတုန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေအပြင် ၎င်းတို့ရဲ့ မိသားစု ဝင်တွေကိုပါ ထိုးနှံပေးလျက်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းလာပေမဲ့လည်း YBS ယာဉ်တွေပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေအပြင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့အတွက် အသိပညာပေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ် ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင်လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏စီမံမှုဖြင့် နေ့စဉ် YBS ယာဉ်လိုင်း(၁၁၆)လိုင်းမှ ယာဉ်အစီးရေ (၃၁၉၄)စီးဖြင့် ခရီးသွားပြည်သူ(၁၁၃၃၅၄၀)ဦးအား ပြေးဆွဲပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင် ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံနေကြရပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရန် လွယ်ကူနေသဖြင့် ၂၀၂၁-ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့မှ အောက်တိုဘာလ(၁၆)ရက်နေ့အထိ YBS ယာဉ်လိုင်းကုမ္ပဏီ (၁၉)ခု၊ ပုဂ္ဂလိကကြီးကြပ်(၄)ခု စုစုပေါင်း(၂၃)ခုမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းဦးရေ (၃၀၀၀)ကျော်အား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၂၁-ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့မှ နိုဝင်ဘာလ(၁၃)ရက်နေ့ အထိ အဆိုပါ YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီဝန်ထမ်းဦးရေ (၃၀၀၀)ကျော်အား (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထပ်မံထိုးနှံပေးလျက်ရှိပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူဦးရေ (၂၅၀၀)ကျော်အထိရှိပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သတင်းရရှိပါသည်။

နိုင်လင်းအောင်