မိုးညှင်း ဇူလိုင် ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ ညနေ(၃)နာရီခွဲက တက္ကသိုလ် အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကျင်းပရာတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွန်ထက်မြက်လာစေရန်၊ အားကစားကို ချစ်မြန်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသော ယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံအသီးသီးမှ အမျိုးသားအသင်း (၆)သင်းနှင့် အမျိုးသမီးအသင်း (၅)သင်း စုစုပေါင်း(၁၁)သင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ ၎င်းပြိုင်ပွဲများကို ဇူလိုင်(၅)ရက်နေ့မှ (၁၁)ရက်နေ့ထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်ထံမှ သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲ ကျင်းပရာတွင် ဇူလိုင်(၅)ရက်နေ့က ဓာတုဗေဒအသင်းနှင့် ညွှန့်ပေါင်း (က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ညွှန့်ပေါင်း(က)အသင်းမှ ခြောက်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကျန်ရှိအသင်းများနှင့် ပတ်လည်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)