ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၁၁၆၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ဆိပ်ကြီးခနောင်တို ဇူလိုင် ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက် ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ “ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေး ထိုးနှံပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် အခြေခံပညာကျောင်း ၁၇ ကျောင်းရှိရာ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၅ နှစ်မှ ၁၂ အရွယ် ကျောင်းသား၊ ကျောင်းသူ ၃၁၈၀ ဦးရှိသည့်အနက် ၁၁၆၅ ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွာမည် ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)