မဘိမ်း စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကိစ္စများနှင့်စပ်လျဉ်း၍ မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်မှ မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်း လင်းပြောကြားခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းအေး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ညွှန်ကြားချက် အမှတ်(၁/၂၀၁၄)နှင့် အဆိုပါညွှန်ကြားချက်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်သည့် ညွှန်ကြားချက်များ၊ အထွေထွေရွေးကောက်ပွဲ နှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ မဲဆွယ်စည်းရုံးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္က္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၄)ခု မှ ကိုယ်စားလှယ်များနှင့် မြို့နယ်အတွင်းရှိ ဩဇာတိက္ကမရှိသူ(၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
မျိုးမင်း (ပြန်/ဆက်)