မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

မအီ ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ဦးဆောင်၍ မြို့နယ်ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ မအီမြို့ပေါ် အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့က ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မအီမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ မူလတန်းကျောင်း၊ အမှတ်(၂) ရပ်ကွက်ရှိ အထက်တန်းကျောင်းနှင့် မူကြိုကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ အလယ်တန်းကျောင်းနှင့် မူကြိုကျောင်း စသည်တို့၌ ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် ကျောင်းတွင်း ကျောင်းပြင် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွား နိုင်သည့် ရေတင်ကျန်နိုင်သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အလေးထား ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှ ဇွန်လ(၉)ရက်နေ့ အထိ (၃၅၆၂)ဦးအထိရှိပြီး သေဆုံးသူ(၁၁)ဦးအထိ ရှိကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့ခြင်းကြောင့် အခုလို မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြပါ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)