မတ္တရာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရေးဆွဲခြင်းနှင့် ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းဖွင့်လှစ်

မတ္တရာ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းကို ယမန့်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ဗိုလ်ဗိုလ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၈)ရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးခဲ့ပြီး မိမိတို့ကျေးရွာတွင် နှစ်အလိုက် ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လိုသော စီမံချက်များနှင့် ခန့်မှန်းဘက်ဂျက်များ ပြင်ဆင်နိုင်ရေးအတွက် ယခုလို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရေးဆွဲခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP)သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျေးရွာ(၈)ရွာမှ ကော်မတီဝင်များအား(၄)ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကျေးရွာ(၈)ရွာမှာ အလယ်ရွာကျေးရွာ၊ စက်ထိပ်ကျေးရွာ၊ ဝေဟင်္ဂမကျေးရွာ၊ ပန်းယျကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာ၊ မြွေပုံကန်(မ)ကျေးရွာ၊ ဝန်စုကျေးရွာနှင့် မြွေကူးတို့ဆိပ်ကျေးရွာတို့ဖြစ်သည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၅၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)