မုဒုံ ဇူလိုင် ၆
ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက လုပ်ငန်းကြီး (၇)ရပ်ဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ကလေးနှင့် လူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကို ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ လူကုန်ကူးမှု တာဆီးကာကွယ်ရေးနှင့် ကလေးများအပေါ် ညှဉ်းပန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားညှဉ်းပန်းခြင်းများ အကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)