ညောင်ဦး ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးကြိုကြဲနှမ်းစိုက်ပျိုးတောင်သူများနှုတ် သိမ်းနေပြီဖြစ်ရာ မိုးရွာသွန်မှုကောင်းပြီး အပင်အဖြစ်သန်ခြင်းကြောင့် နှမ်းစိုက်ပျိုးတောင်သူများနှမ်းများ လုံးပြည့်သီးကာ နှုတ်သိမ်းချိန် မိုးနှမ်းအထွက်နှုန်းကောင်းမွန်ကြောင်း တောင်ရှေ့ကျေးရွာ မိုးနှမ်းစိုက်ပျိုးတောင်သူ ဦးစိုးဝင်းကပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် မိုးနှမ်းများအား အာစနီမုန်းတိုင်းဝင်ရောက်ချိန်မှစတင်ပြီး မိုးကြိုကြဲအဖြစ်ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ မိုးကြိုကြဲပက်စိုက်ပျိုးပြီးချိန်မှစတင်ကာ မိုးရွာသွန်းမှုကောင်းမွန်ခဲ့ကာ မိုးနှမ်းများအပင်ဖြစ်ထွန်းမှုအရှိန်မပျက်ပဲ နှမ်းများ၊ အပွင့်ပွင့်ချိန် မိုးသဲရိုက်ခံရခြင်းနှင့် သီးလုံးဖြစ်ထွန်းချိန် မိုးရွာသွန်းမှုကောင်းခဲ့ခြင်းများက မိုးနှမ်းများ အထွက်နှုန်းကောင်းမွန်စေခဲ့ကြောင်း နှမ်းစိုက်ပျိုးတောင်သူများကရှင်းပြသည်။ မိုးကြိုကြဲ နှမ်းများကို မေလ ပထမပတ်တွင် စတင်ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ နှမ်းများဖြစ်ထွန်းပြီး ညောင်ဦးမြို့နယ်တစ်မြို့နယ်လုံး မိုးနှမ်းများကောင်းမွန်ကြပြီး နှုတ်သိမ်းပြီးနှမ်းခါချိန် နှမ်းနှစ်ပြည်ကြကြဲပက်စိုက်ပျိုးရာ မိုးနှမ်း တင်းနှစ်ဆယ်ခန့် ထွက်ရှိကြောင်း၊ယခုနှစ် မိုးနှမ်းစိုက်ပျိုးတောင်သူများ မိသားစု စားသုံးဆီဖူလုံ စေရုံသာမက နှမ်းဈေးမှာလည်း နှမ်းနက်တစ်တင်း ငါးသောင်းကျပ်၊ နှမ်းနီတစ်တင်း လေးသောင်းငါးထောင်ကျပ်၊ နှမ်းဆီ တစ်ပိဿာ တစ်သောင်းကျပ်ဈေးရှိခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးတောင်သူများဝင်ငွေတွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်းနှမ်းစိုက်ပျိုး တောင်သူ များက ရှင်းပြ၍သိရသည်။
ကိုကြေးမုံ