မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်းအသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

မြစ်သား    ဇူလိုင်  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့မွန်းလွဲ(၃)နာရီကမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆွေးနွေးပွဲတွင်  မြစ်သားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး၊ မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဉီးစီးမှုးဒေါက်တာနေလွင်ထူးနှင့် ဒေါက်တာယမုံသျှင်နှောင်းအေးတို့က ဒေသခံမွေးမြူရေးသမားများနှင့်တောင်သူများသိရှိစေရန်အတွက် ဒေသနွားများမျိုးမြှင့်တင်ရေး အကြောင်းအရာများဖြစ်သည့် နို့စားနွားမွေးမြူရေး၏အဓိကအချက်ဖြစ်သော နွားမများနို့ထွက်နှုန်း ကောင်းပြီးနို့ပေးကာလတာရှည်၍ နို့များရရှိရန်၊ နို့ထုတ်ပေးသည့်နို့အုံ၏တည်ဆောက်ပုံနှင့် နို့ထုတ်လုပ်ပုံများကို မွေးမြူရေးသမားများသိရှိထားရမည့်အကြောင်း အရာများ၊ နွားမများနို့ထုတ်လုပ်သည့် နို့အုံရှိဆဲလ်များအကြောင်း၊ နို့ပေးနွားမများကိုတစ်ရက်လျှင် ရေလေးကြိမ်မှငါးကြိမ်ထိ သောက်သုံး စေခြင်းဖြင့်စားသုံးမှုမှရရှိသည့် အာဟာရများကို ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ ခန္ဓာကိုယ်ဓာတ်ပြောင်းလဲမှုများနှင့် နို့ထုတ်လုပ်မှုအတွက်ခွဲဝေသုံးစွဲရခြင်းကြောင့် အဓိကထားဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ရေ၊ ဂလူးကို့စ်၊ အဆီဓာတ်နှင့်အသားဓာတ်များကို နို့အုံရှိဆဲလ်များက နို့ရည်အဖြစ်ပြောင်းလဲပေးကြောင်း၊ နို့ရည်တွင်ရေ၊ နို့၊ သကြား၊အဆီနှင့်ပရိုတိန်းများပါဝင်ကြောင်း၊ နွားစာတွင်အစာနုရောစပ်စာ ကိုတိုးမြင့်ကျွေးမွေးပါက နို့ထွက်နှုန်းကိုပိုစေပြီး နို့ပရိုတိန်းတိုးမြင့်စေကာအဆီပါဝင်မှုလျော့နည်း စေကြောင်းနှင့်နို့မညှစ်မိလိုက်နာရမည့်အချက်များ၊ နို့ညှစ်နည်းအမျိုးမျိုး၊ နွားနို့ညှစ်ရာတွင် တစ်ရက်လျှင် နှစ်ကြိမ်နှုန်းညှစ်မည်ဆိုပါက တစ်ချိန်နှင့်တစ်ချိန် ၁၂နာရီအညီ အမျှခြား၍ ညှစ်ခြင်းသည် အကောင်းဆုံးနည်းဖြစ်ပြီး နို့ထွက်နှုန်းအကောင်းဆုံးဖြစ်ကြောင်း အစရှိသည်တို့ကိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)