မိုင်းငေါ့မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

မိုင်းငေါ့  ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်ရှိ တာလုံ အ.မ.က ကျောင်းတွင် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင် သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့် ရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင် များငှားရမ်း ဖတ်ရှုသည်အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများဖတ်ရှုနိုင်စေရန် တိုင်းရင်းသားရုပ်ပုံပြ ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့်ငှားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကိုလည်း စနစ်တကျငှား ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)