တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု၊ လဟာမငယ်ကျေးရွာ၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

တိုက်ကြီး ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ကျွဲဘုတ်ကျေးရွာအုပ်စု၊ လဟာမငယ်ကျေးရွာ၊ ကျွဲဘုတ်ဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တိုက်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက သင်တန်းသား/ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးကို သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါ သင်တန်းကို တိုက်ကြီးမြို့နယ် ပုဂ္ဂလိကစက်ချုပ်သင်တန်း ဖွင့်လှစ်ထားသည့် နည်းပြဆရာမ ဒေါ်နှင်းယုလှိုင်က နည်းပညာများပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ကျေးရွာနေပြည်သူ သင်တန်းသား/သင်တန်းသူ (၁၇) ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ (၁)လကြာမြင့် မည်ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)