လှိုင်သာယာ(အနောက်ပိုင်း) ဇူလိုင် ၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ကာ အ-ထ-က(၈)နှင့် အ-ထ-က(၁၈) တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈၉)ဦး၊ အလယ်တန်းအဆင့်(၃၁၈)ဦး၊ မူလတန်းအဆင့်(၅၀)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၅၅၇) ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည်။ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၎င်းနောက်မြို့နယ်အဆင့် (၇၅)နှစ်မြောက် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုစာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲများအလိုက် ဆုရရှိမည့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဝေလွင်ကျော်