ရွှေပြည်သာ ဇူလိုင် ၆
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပညာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝ နာရီအချိန်မှစတင်၍ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁ဝ)ရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာ အလယ်တန်းကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၆၁၈)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ် ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ တန်းစီစောင့်ဆိုင်းစေခြင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈၇၈၅) ဦးအား (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အေးမိုး( ပြန်/ဆက်)