ဒဂုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ဒဂုံ ဇူလိုင် ၆

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ အမှတ် (၁)(၂) (၃) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများသို့ ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၅၉)ဦး၊ အလယ်တန်းအဆင့် (၉၀)ဦး၊ မူလတန်းအဆင့်(၉၆)ဦး စုစုပေါင်းကျောင်းသား/ ကျောင်းသူ(၂၄၅ )ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။         

ထို့နောက်(၇၅)နှစ်မြောက် ဇူလိုင်(၁၉)ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြမည့် ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

​မေသန္တာ