ကျောက်ဆည်မြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့မွန်းလွဲ(၁)နာရီက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးခိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် အလိမ္မာစာမှာရှိဆိုသည့်အတိုင်း ယဉ်ကျေးသိမ်မွေ့စွာနေထိုင်ပြီး အသိပညာပေးဟောပြောမှုများကို သေချာစွာ နာယူမှတ်သားသွားကြရန် ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကြီးပွားတိုးတက်လိုသူများသည် စာအုပ်၊စာပေများ ဖတ်ရှုကြကြောင်း စာပေဖတ်ရှုခြင်းဖြင့် ဆုံးဖြတ်မှု များဆောင်ရွက်ရာတွင် မှန်ကန်စွာဆုံးဖြတ်နိုင်သဖြင့် အောင်မြင်ကြီးပွားသူများ မလွဲဧကန် ဖြစ်လာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာအုပ်၊စာပေများသည့် မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်ကြောင်း ခရိုင်ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)