မိတ္ထီလာတက္ကသိုလ် ၄၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် King&Queen ရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင်

မိတ္ထီလာတက္ကသိုလ်၏ ၄၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် King&Queenရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ King&Queenရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲတွင်  ပါမောက္ခချုပ်ဒေါက်တာဘဟန်က အမှာစကားပြောကြားသည်။ ဆက်လက်၍တက္ကသိုလ်King&Queenရွေးချယ်ပွဲနှင့်ပတ်သက်သော စည်းကမ်းချက်များကို  အနုပညာအသင်းဥက္ကဋ္ဌ ရူပဗေဒဌာန ၊ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဒေါ်လှဝင်းက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဘာသာပေါင်းစုံမှ ကျောင်းသားကျောင်းသူ များက လှမ်းလာခဲ့ပါအဆွေ ထီလာတက္ကသိုလ်မြေ သီချင်းဖြင့်အဖွင့်သီဆိုဖျော်ဖြေပြီးနောက် ဘာသာရပ်အလိုက်ကျောင်းသူ ကျောင်းသားများက အနုပညာဖျော်ဖြေပွဲတွင် ပါဝင်ဆင်နွှဲကြရာ ရူပဗေဒဌာနမှ ဘုရားကန်တော့ပုဂံအက ၊ သတ္တဗေဒ ဌာနမှ အလှကမ္ဘာမြေသီချင်း၊ ဓါတုဗေဒဌာနမှ ရွှေညာသူလေးခင်ထားရဲ့ အာဝါဟအက ၊ ဘူမိဗေဒဌာနမှ ဖြေသိမ့်လိုက်သီချင်း ၊ ပထဝီဝင်ဌာနမှ ငယ်ကျွမ်းဆွေအဆိုနှင့် တေးသရုပ်ဖော်၊ ဥပဒေပညာဌာနမှ မလေးလက်ခတ်သံ အက ၊ မြန်မာစာ ဌာနမှ ကြားလား အက ၊ စီးပွားရေးပညာဌာနမှ လောကအားမာန် အက ၊ အရှေ့ တိုင်းပညာဌာနမှ Zumba အက ၊ ရုက္ခဗေဒဌာနမှ အချစ်ရဲ့ကိုယ်ရံတော် အဆိုနှင့်​တေးသရုပ်ဖော်  ၊ ဒဿနိကဌာနမှ ခင်ထားတေးသရုပ်ဖော်၊ သင်္ချာဌာနမှ ရွှေညာသူ ရွှေညာသား အက ၊   အင်္ဂလိပ်စာဌာန မှ    ၊ The day you want away သီချင်း ၊ သမိုင်းဌာနမှ မင်္ဂလာပါ အက  တို့ဖြင့် အသီးသီးသီဆို ကပြဖျော်ဖြေကြ သည်။ အဆိုပါ King&Queenရွေးချယ်ပွဲနှင့် အနုပညာဖျော်ဖြေပွဲတွင် ဘာသာရပ် ၁၄ ခုမှ ရွေးချယ်ထားသော မေဂျာ King&Queenကျောင်းသားကျောင်းသူ ၁၄ ဦးတို့အနက်မှ တက္ကသိုလ် King&Queen တို့ကို မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြပြီး ဆုရရှိကြသူများအား တာဝန်ရှိ သူများက ဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါKing&Queenရွေးချယ်ပွဲနှင့် အနုပညာ ဖျော်ဖြေပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး နှင့်တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးကြောင်းသိရသည်။

ချမ်းသာ