ချောင်းဆုံမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားစိုက်ဧက၏ (၇၀) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီး

ချောင်းဆုံ ဇူလိုင် ၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူဦးကြီးများ စားနပ်ရိက္ခာဖူလုံ၍ ဝင်ငွေတိုးပွား လာစေရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကုန်ကြမ်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး မျှော်မှန်း၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ဇူလိုင်လ ၅ ရက်နေ့အထိ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားဧက၏ (၇၀) ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၆) စုတွင် နှစ်စဉ် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်အတွင်း မိုးစပါးဧက (၆၅၁၀၅)ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး၊ လက်ရှိအချိန်အထိ စိုက်ပျိုးမြေ ပြင်ဆင်ပြီးမှု (၅၇၁၇၉) ဧကရှိပြီးဖြစ်ကြောင်း၊ စပါးပျိုးထောင် ပြီးစီးမှု (၄၄၈၉) ဧက နှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ (၃၉၆၃၂) ဧက ရှိပြီးဖြစ်သည့်အတွက် ယခုနှစ် လျာထား ဧက၏ (၇၀) ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးနိုင်ပြီးဖြစ်ကြောင်း ကျန်ရှိသည့် စိုက်ဧကများကို အချိန်မီ စိုက်ပျိုးနိုင်ရေး ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိသူဇာ (ပြန်/ဆက်)