ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ ဇူလိုင် ၅

တောင်သာမြို့နယ် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးက အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းနှင့် ပတ်သတ်သည်များအား ဆွေးနွေးပြောကြားခြင်း၊ မြင်းခြံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ထွန်းက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းနှင့် ပတ်သတ်၍ ဆွေးနွေးပြောကြားရာတွင် တစ်နိုင်တစ်ပိုင် မိသားစုစီးပွားရေးလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်တာဖြစ်သောကြောင့် သင်တန်းကာလတလျှောက် စိတ်ဝင်စားစွာ လေ့လာသင်ယူကြစေလိုကြောင်း လက်တွေ့နယ်ပယ်တွင် အသုံးတည့်၍ စီးပွားဖြစ်လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းပို့ချရာတွင် သင်တန်းနည်းပြအဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေါ်အေးချမ်းသူနှင့် ဒေါ်ရွှန်းလဲ့လဲ့မြူးတို့မှ ပို့ချဆောင်ရွက်ပြီး တက်ရောက်သည့် သင်တန်းသူများမှာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတို့မှ သင်တန်းသူ(၂၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ယင်းသင်တန်းကို ဇူလိုင်လ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်တာဖြစ်ပြီး သင်တန်းကာလမှာ (၁၀)ရက် တာပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင်ရေချိုးဆပ်ပြာရည်၊ အဝတ်လျော်ဆပ်ပြာဆီ၊ ပန်းကန်ဆေးဆပ်ပြာဆီ၊ သဘာဝခေါင်းလျော်ရည်၊ ကိုယ်တိုက်ဆပ်ပြာခဲ စသည်တို့ သင်ကြားပို့ချဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)