ကျောက်ဖြူမြို့နယ်၌ မိုးစပါးဧက ၄၆၀၉၅ ဧက စိုက်ပျိုးရန် လျာထား

ကျောက်ဖြူ ဇူလိုင် ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးဧက ၄၆၀၉၅ ဧက စိုက်ပျိုးရန် လျာထားပြီး လက်ရှိတွင် စပါးများ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် မိုးစပါးစိုက် တောင်သူများအနေဖြင့်  ဆင်းသွယ်လတ်စပါး၊ ရွှေဝါ ထွန်းစပါး၊ ဧရာထွန်းစပါး စသည့် အထွက်ကောင်းမျိုးစပါးများကို စိုက်ပျိုးပြီး မိုးကောင်းသောက် (မိုးရေ)ကို အသုံးပြု၍ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းနှင့် ပျိုးထောင် စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးကြသည်။ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်လာစေရန် အတွက် စပါးမျိုးကောင်း မျိုးသန့်များအား တောင်သူများထံသို့ ဖြန့်ဖြူးပေးနိုင်ရန် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းအပြင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်၏ မိုးစပါးစိုက်ဧကများ လျော့နည်းမှုမရှိစေရေး နှိုးဆော်ဆောင်ရွက်ခြင်း၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေဖို့ နှစ်စဉ် မျိုးသန့်မျိုးစေ့ ပံ့ပိုး ပေးခြင်း၊ မြေဆီလွှာတွင် အဟာရဓာတ်ပါဝင်မှု စစ်ဆေးပေးခြင်း၊ အရည်အသွေး ကောင်းမွန်စေရန် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုစေခြင်း၊ မိုးစပါးစိုက်ဧကများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပိုးရောဂါကျရောက်မှုမရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများကို မြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက ကျေးရွာများသ သွားရောက်ပြီး တောင်သူများထံသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)