ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများအား တွေ့ဆုံ

မြစ်ကြီးနား ဇူလိုင် ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံ ဦးတင်မောင်ဆွေတို့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့သို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါအတိုင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု အတိအလင်း ကြေညာ ထားပြီးဖြစ်ပါကြောင်း၊  ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လိုအပ်ချက်၊ အခက်အခဲများ ရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြစေလိုကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးတင်မောင်ဆွေက ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ မဲစာရင်းများ စိစစ်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်