ဥရုချောင်းရှင်းလင်းရေးဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပြည်နယ်သယံဇာတဝန်ကြီးနှင့် ဖားကန့်ဒေသခံပြည်သူများ တွေ့ဆုံ

ဖားကန့်         စက်တင်ဘာ   ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၏ ကံဆီးဒေသမှ နမ့်မှော်ပေါက်ဝထိ ရေမိုင် ၅၄ မိုင် အရှည်ရှိ ဥရုချောင်း ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဥ်းပြီး ကချင် ပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ဖားကန့် ဒေသခံပြည်သူများက ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ဖားကန့်ဒေသ၏ ဥရုချောင်း ရှင်းလင်းရေးလုပ်ငန်းအပေါ် အားနည်းချက်၊ အားသာချက်များအား အဖြေရှာပြီး ဒေသအကျိုးအတွက် အကောင်အထည် ဖော်မည့်လုပ်ငန်းများအား ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံရပ်မိ/ရပ်ဖများက ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(CSR)မှ လည်းကောင်း၊ ဒေသတွင်းရှိ ကျောက်မျက်ကုမ္ပဏီများ၏ ကူညီပေးမှုများဖြင့်လည်းကောင်း၊ ဖားကန့်မြို့နှင့် ကျေးရွာများတွင် နှစ်စဥ်ရေကြီးရေလျှံမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဥရုချောင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း အချို့နှစ်များတွင် လုပ်ငန်း မတွင်ကျယ်မှုမျိုး ကြုံတွေ့ရသည့် မြေပြင်အခြေအနေများအား ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့ထံ တင်ပြကြပြီး ပြည်နယ်ဝန်ကြီး ဦးဒါရှီလဆိုင်းက လုပ်ငန်းအကောင် အထည်ဖော်မည့် ဌာနများနှင့် ဒေသခံ ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

တာလင်းမောင်(ပြန်/ဆက်)