တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အသက် (၁၉)နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများအား​ အောင်နိုင်​ရေးအလံနှင့်​ ထောက်ပံ့​ငွေများ​ပေးအပ်

မြစ်ကြီးနား ဇူလိုင် ၅

တိုင်းဒေသကြီး/ပြည်နယ် ​အသက် (၁၉)နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် အသက် (၁၉) နှစ်အောက် လက်ရွေးစင်ဘောလုံး အားကစားသမားများအား ​အောင်နိုင်​ရေးအလံနှင့် ​ထောက်ပံ့​ငွေများ​ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအ​​ဝေးခန်းမ၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ တက်ရောက်လာသည့် အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ခဲ့ပြီး အသင်းနည်းပြမှ ဝင်ရောက်ယှဉ်ပြိုင်မည့် U-၁၉ ဘောလုံးအသင်း ကြိုတင်ပြင်ဆင် ထားရှိမှုနှင့် အသင်းလူရွေးချယ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ သည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းမှ အားကစားသမားများ တံခွန် စိုက်ဒိုင်း အရယူနိုင်ရေး တိုက်တွန်း ပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံနှင့် ပြည်နယ်အစိုးရအဖွဲ့မှ  ဂုဏ်ပြုချီး​မြှင့်ငွေကျပ် (၁၅) သိန်း‌ ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၂၂ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၉)နှစ်​အောက် ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)