တာမွေ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၅၅၂)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
“ဒီကိုဗစ် ကာကွယ်ဆေးထိုးတာ အလွန်ကောင်းပါတယ်။ ကလေးတွေအနေနဲ့လည်း ကိုယ့်ဆီကလည်း သူများကို ရောဂါမကူးစက်နိုင်သလို၊ အခြားသူတွေဆီကလည်း မကူးစက် နိုင်တော့ပါဘူး။ ကလေးတွေအနေနဲ့ ကာကွယ်ဆေး ထိုးထားတယ်ဆိုပြီး နှာခေါင်းစည်း တပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဒါကို ကလေးမိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေမှာ နှာခေါင်း စည်းတပ်တဲ့ အမူအကျင့်ဖြစ်လာအောင် လေ့ကျင်ပေးစေချင်ပါတယ်” ဟု တာမွေမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက ဆိုသည်။
အဆိုပါတာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန် ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်း စေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပြီးသည့် မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်း သား/သူ (၃၆၆၆)ဦးအထိရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသည့် မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူ (၅၅၂)ဦးအထိရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်