သာစည် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အသိပညာပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ယင်လုံအိမ်သာများစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း နေအိမ်များနှင့် အထက(၁)ကျောင်းတို့ရှိ သောက်သုံးရေထည့်သော ရေလှောင်ကန်များ၊ အုတ်ကန်၊ ကျောက်စည်၊ ရေအိုး၊ ဘုရားပန်းအိုးများ အစရှိသည်တို့တွင် ခြင်ခိုအောင်းခြင်းမရှိစေရန်နှင့် ပိုးလောက်လန်းများမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လက်တွေ့ပြသပြီး အသိပညာပေးရှင်းလင်းပြောကြားခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများနှင့် အထက(၁) ကျောင်းရှိ ယင်လုံအိမ်သာများစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)