ကျောက်ပန်းတောင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်၊ ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မော်မော်က ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးဒေါ်နိုင်နိုင်ဝင်းက ပညာရည်ချွန်ဆုပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဦးဇော်ဝင်းမောင်က ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရန်ပုံငွေဖြင့် မိမိတို့ကျောင်းတော်ကြီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို တတ်နိုင်သမျှ ပံ့ပိုးထောက်ပံ့ခြင်းဖြစ်ပါကြောင်းရှင်းလင်းပြောကြားသည်။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊(၄) ဘာသာဂုဏ်ထူးရှင်(၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁၈) ဦး စုစုပေါင်း(၂၀)ဦးတို့အား မြို့နယ်ပညာရေးမှူးဒေါ်မော်မော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ကျောင်းအကျိုးတော်ဆောင်များက တစ်ဘာသာလျှင် ငွေကျပ်(၃)သောင်းနှင့် ဂုဏ် ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပညာရည်ချွန်ဆုပေးအပ်ပွဲသို့ မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် လက်ထောက်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများ၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့်မိဘများ၊ အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)