ကျောက်မဲ ဇူလိုင် ၅
(၂၀၂၂) ခုနှစ်ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့်(၇၅) နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကိုယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိချောက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်အပေါင်းတို့အား "ဂုဏ်ပြုပါတယ်" သီချင်းဖွင့်လှစ်၍ ဂုဏ်ပြုခဲ့ကြသည်။
ယင်းနောက် ဆရာမဒေါ်စန်းစန်းဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် (၉)ဦးတို့၏ အတ္ထုပ္ပတ္တိများတို့ကို ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသားကျောင်း သူ ၂၀၀ ဦးကျော် တက်ရောက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
အလားတူ ဟောပြောပွဲများကို ကျောက်မဲမြို့နယ်ရှိ အခြားကျောင်းများတွင်လည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)