ပင်လုံ ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်စု(လွိုင်လင်ခရိုင်)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်စု(လွိုင်လင်ခရိုင်) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇေယျမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များ၊ ရှမ်းပြည်နယ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု(၃)နှစ် နှိုင်းယှဉ်ချက်များ၊ အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းခြင်းနည်းစနစ် (၅)မျိုး၊ ယာဉ်တိုက်မှု/ယာဉ်မတော်တဆမှု အမျိုးအစားများ၊ ခြေကျင်လျှောက်သူများလိုက်နာရန် စည်းကမ်းချက်များ၊ ဆိုင်ကယ်စီးနင်းရာတွင် ပါဝင်ရမည့်အချက်များစသည့် အသိပညာပေးများဟော ပြောပေးခြင်းနှင့်၂၀၂၀ပြည့်နှစ်ယာဥ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများမှ သိရှိလိုသောအကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များ လေ့လာဖတ်ရှုခဲ့ကြပြီး အခမ်းအနားသို့ ကျောင်းသား/သူ စုစုပေါင်းအင်အား (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)