မိုင်းယန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားရခြင်းဆိုင်ရာ အကြောင်းအရင်းများကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုင်းယန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘက သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ၊ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်ကာလနှင့် အသက်အရွယ်၊ ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို သိရှိစေရန် အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး