သထုံမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ရှင်သာမဏေများ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

သထုံ ဇူလိုင် ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ‌အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ‌ရှင်သာမဏေများ၊ သီလရှင်များနှင့် ကျောင်းပြင်ပ ကလေးများအား ယနေ့နံနက်က လိပ်အင်းရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်‌ရေး ကော်မတီဝင်တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များတို့မှ ရှင်သာမဏေများ၊ သီလရှင်များနှင့် ကျောင်းပြင်ပ ကလေးများ စုစုပေါင်း ၂၀၀ ကျော်ခန့်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

သထုံမြို့နယ်တွင် အသက်(၅)နှစ်အထက် ကလေးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ(၂)ရက်နေမှစတင်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နဒီ(ပြန်ဆက်)