လှိုင် စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ည မထွက်ရအမိန့် လိုက်လံနှိုးဆော်ခြင်းနှင့် စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များအား ဆိုင်ထိုင် ရောင်းချခြင်း မပြုလုပ်ရန်၊ ပါဆယ်သာ ရောင်းချရန်တို့အတွက် ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆)ရပ်ကွက်ရှိ လမ်းများ၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့ စက်ဖြင့် ညစဉ်လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရ သည်။ ထိုသို့နှိုးဆော်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ထိခိုက်စေနိုင်ပြီး အသက်ဘေးအန္တရာယ် သေဆုံးမှုဖြစ်ပွားနိုင်ခြင်းများမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ထို့အပြင် ခိုးဆိုးလုယက်ခြင်းများနှင့် ရပ်ကွက်လုံခြုံရေးဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုနိုင် မည်ဖြစ်သည်။ မြို့နယ်အတွင်း ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ် ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ညမထွက်ရအမိန့် အားအသိပေး နှိုးဆော်ပေးပြီး မဖြစ်မနေ ပြင်ပသို့ သွားရောက်ရန်လို အပ်ပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားရန်နှင့် ရပ်ဝေးမှ ညအိပ်ဧည့်သည်များ ရခိုင်မှ လာရောက်သူများ ရှိပါက အကြောင်း ကြားရန်တို့ကိုလည်း ညစဉ်နှိုးဆော်ပေးလျက်ရှိသည်။ အဆိုပါ ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)