မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲ  ပြည်နယ် ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်

မော်လမြိုင် ဇူလိုင် ၅

မော်လမြိုင်မြို့၌ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက် ၂၅ နှစ် အောက် ဘတ်စကက်ဘော ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ် အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့် အမှာစကား ပြောကြား ရာတွင် အားကစား အောင်မြင်မှုဖြင့် မွန်ပြည်နယ်၏ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် အားကစား လှုပ်ရှားမှုများကို  မွန်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် ပြုလုပ်ပြီး အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်က အားထားရသည့် ထူးချွန် ထက်မြက်ပြီး အရည်အချင်း ပြည့်၀တဲ့ လူငယ်များ ဖြစ်လာစေရန် ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်သည့်အတွက် ငယ်ရွယ်စဉ်အချိန်မှစ၍ အားကစားတစ်မျိုးမျိုးကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာပြီး နိုင်ငံ့ တာ၀န်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်/ ခရိုင်အဆင့်မှ ပြည်နယ် လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားများ ပေါ်ထွက်လာစေရန် ဘတ်စကက်ဘော အားကစားနည်းကို လူအများ စိတ်ပါ၀င်စားပြီး ပါ၀င်လာခြင်းဖြင့် မွန်ပြည်နယ် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘက်စကက်ဘောပြိုင်ပွဲများတွင် မွန်ပြည်နယ် ဘတ်စကက်ဘော အသင်း အောင်မြင်မှု ရရှိစေရန် လက်ရွေးစင် ဘတ်စကက်ဘော အားကစားသမားများ မွေး ထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း  အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်း ဖြစ်သည် ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားလောက ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အားက စားသမားများ ကြိုးစားချင်စိတ် အနိုင်မခံ အရှုံးမပေးလိုသော ဇွဲ၊ စိတ်ဓါတ်များ ပေါ်ထွက် လာစေရန်အတွက် နိုင်ငံတော်အနေနဲ့ အားကစားကဏ္ဍကို အထူးအားပေး ချီးမြေှာက်နေတာကို အားလုံး အသိပဲ ဖြစ်ပါတယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက လုပ်ဆောင်ရမဲ့ အချက်က အခြေခံ ပညာ ကျောင်းတွေမှာ အားကစား ပြိုင်ပွဲများကို ကျင်းပပြီး ထူးချွန်တဲ့ မျိုးဆက်သစ် လူငယ် အားကစားသမားများ ပေါ်ထွက်လာအောင် ပြုစု ပျိုးထောင်ပေးရမှာ ဖြစ်ကြောင်း နိုင်ငံတော်အတွက် အားထားရမဲ့ အားကစားသမားကောင်းတွေ ဖြစ်လာအောင် မိမိကိုယ်ကို ယုံကြည်တဲ့စိတ် ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားကြရန်  အားကစားစိတ်ဓာတ်ဖြစ်တဲ့ ပွင့်လင်းမှု၊ ရိုးသားမှု၊ သည်းခံမှု၊ ခွှင့်လွှတ်မှု၊ စိတ်ရှည်ရှည်ထားမှု၊ နိုးကြားမှု၊ ကြိုးစားမှုတို့ကို အားကစား လေ့ကျင့်ရာ၌လည်ကောင်း အားကစားယှဉ်ပြိုင်ရာ၌ လည်ကောင်း အားကစားသမားအားလုံး အစဉ်အမြဲ အလေးထားရမှာ ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားရင်း “၂၀၂၂ခုနှစ် မွန်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဖလား ၁၀ မြို့နယ် အသက်၂၅ နှစ် အောက် ဘတ်စကက် ဘော ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေး ခဲ့ သည်။

ဆက်လက်၍ အားကစား စစ်ကြောင်းမှူးက ဦးဆောင်၍ ၁၀ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်းများက မွန်ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာ အဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀) မြို့နယ် အသက် ၂၅ နှစ် အောက် ဘတ်စကက်ဘောပြိုင်ပွဲကို ယမန််နေ့မှ  ၈ ရက်နေ့အထိ ယှဉ်ပြိုင် ကစား သွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ရေးမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ  ရေး မြို့နယ် အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရှိရ သည်။

ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့  အဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ် ဘတ်စကက်ဘောအသင်း ဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခင်စန်းမြင့် ခရိုင်ပြန်/ဆက်