တောင်ဥက္ကလာပ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီကစ၍ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဦးစို့ညွှန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးဝင်းတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံသူ ကျောင်းသား၊ ကျောင်းသူ အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းမှ(၁၅၂)ဦး၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းမှ (၂၅)ဦး အမှတ်(၃၂)အခြေခံပညာမူလတန်းကျောင်းမှ (၄၃)ဦးတို့အား အမှတ်(၁၇)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ အသီးသီး ထိုးနှံပေးခဲ့ပြီး စုစုပေါင်း(၂၂၀)ဦးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)