မိုင်းပန် ဇူလိုင် ၅
“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဖြစ်လာမည့် အနာဂတ်သားကောင်းရတနာများအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ကွန်ပျူတာကို အခြေခံမှစ၍ တတ်သိနားလည်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က ယခုလို ကွန်ပျူတာသင်တန်းကိုပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံသိရှိလိုသည့် အကြောင်းအရာအချက်အလက်များအား မိမိတို့ဦးစီးဌာနတွင် အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခြေခံကွန်ပျူတာသင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ (၁)လတာ သင်ကြားပို့ချခဲ့ပြီးဖြစ်သည့်အတွက် သင်တန်းဆင်းလက်မှတ်များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းအောင်၊ သင်တန်းနည်းပြ ဦးကျော်သက်ဝင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်တို့က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန် (ပြန်/ဆက်)