သီပေါ ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ လားရှိုးမြို့ International Committee of the Red Cross Myanmar (ICRC) အဖွဲ့နှင့် ရှမ်းစာပေယဉ်ကျေးမှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၃/၂၀၂၂)ကို ယမန်နေ့နံနက်၉နာရီကရွှေကျောင်းရိပ်သာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဒေါ်နန်းခင်ညွန့်လူက သင်တန်းလာရောက် ဖွင့်လှစ်ပေးသော လားရှိုးမြို့(ICRC)မှ တာဝန်ရှိသူများနှင့် ရှမ်းစာပေယဉ်ကျေးမှုကော်မတီအား ကျေးဇူး တင်ရှိ ပါကြောင်း ၊ ၂၀၂၂ ခုနှစ် ကမ္ဘာကြက်ခြေနီနေ့ ဆောင်ပုဒ်ဖြစ်သော “ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား” ဆိုသည့်အတိုင်း မိမိ၏မိသားစုနှင့်ပတ်ဝန်းကျင်ကို ကူညီဆောင်ရွက်နိုင်စေရန် အခြေခံရှေးဦးပြုစုခြင်းကို တတ်မြောက်နားလည်ထားသင့်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် သင်ယူကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းကို နည်းပြ(၅)ဦးတို့က စာတွေ့၊ လက်တွေ့ပိုချပေးခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာကြိုးစားလေ့လာသင်ယူကြကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအားဇူလိုင်လ (၄)ရက်မှ (၆)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)