တောင်ကြီး ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ပြည်နယ်အမျိုးသမီးကော်မတီ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါက်တာခင်ခင်ထူးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က မြန်မာအမျိုးသမီးများ အနေဖြင့် မိမိတို့ရည်မှန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့ကျကျချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျား၊ မရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးကို ပြည့်ဝစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အောင်မြင်စွာဆောင်ရွက်သွာစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးက အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့် အရေးမြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်တားဆီး ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယကကြီး ဒေါက်တာခင်ခင်ထူးက ရွာငံအိမ်တွင်းမှုကျောင်း၊ ဒုတိယနည်းပြ၊ ဒေါ်ခက်ဆုမွန်နှင့် လက်ထောက်နည်းပြ ဒေါ်အိအိထွေးတို့ကို ဆုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)