အုတ်ဖို ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့က လသာကုန်းကျေးရွာနှင့် ကျက်ဆူတောကျေးရွာတို့တွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မား လာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းက မြေဆီလွှာဖွံဖြိုးတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ အတန်းတူလယ်ယာစနစ်နေကြာ သီးညှပ်စိုက်ပျိုးရေး အကြောင်းတို့အားလည်းကောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအယ်လစ်စဘတ်ဝင်းရှိန်က သဘာဝမြေဩဇာများရရှိရန်ကျွဲနွားများကို လွှတ်ကြောင်းစနစ်မှ ခြံလှောင် မွေးမြူဖို့လိုအပ်ကြောင်းနှင့် တိရစ္ဆာန်အစာလိုအပ်ချက်အတွက် တိရစ္ဆာန်အစာပင် (နေပီယာမြက်) စိုက်ပျိုးရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လယ်ယာမြေအဆင့်မြှင့်တင်ရေး၊ လယ်ယာသုံးစက်ကရိယာများ ထုတ်ယူအသုံးပြုမှုများ နှင့်ပတ်သက်၍ လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်သူ