ဟိုပန်၌ အသက်(၂)လ မှ တစ်နှစ်ခွဲထိ  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ဟိုပန် ဇူလိုင် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ကျန်းမာရေး ဉီးစီးဌာနမှ  အသက်(၂)လ မှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီ က  ရုံးကုန်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ထိုးနှံ၊ တိုက်ကျွေး​ပေးနိုင်ခြင်းဖြင့် ပြင်းထန်တီဘီ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဉီးနှောက်အမှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဂျပန်ဉီးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် အသက်(၂)လ မှ တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကလေးငယ် (၅၀)ဦး တို့အား ထိုးနှံ၊ တိုက်ကျွေးနိုင်ခဲ့ကြောင်း ဟိုပန်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)