ကွမ်းလုံမြို့၌ မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကွမ်းလုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဉက္ကဋ္ဌဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က မြို့နယ်အားကစား ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ပြိုင်ပွဲဝင်ဆုရ ဘောလုံးအသင်းများ၊ ပြိုင်ပွဲသို့ကြည့်ရှုအားပေးရန်လာရောက်သည့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။

မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဉက္ကဋ္ဌဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ညနေ(၃)နာရီအချိန်တွင်ပြုလုပ်ရာ မီးသတ် လူငယ်အသင်းနှင့် ဟိုလီနင်ဂျာအသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဟိုလီနင်ဂျာအသင်းမှ မီးသတ်လူငယ်အသင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုကိုရယူခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ညနေ(၆)နာရီအချိန်တွင် ပြုလုပ်ရာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒိုင်အဖွဲ့နှင့် ကွမ်းလုံမြို့နယ်ကြက်ခြေနီ အသင်းတို့အား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဋ္ဌာနဆိုင်ရာများမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသည့် ဟိုလီနင်ဂျာဘောလုံးအသင်းကို မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် မီးသတ်လူငယ်အသင်းနှင့် တတိယဆုရရှိသည့်  ကန်မိန်းအသင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးကိုကိုနှင့် ဦးအောင်မြင့်တို့မှလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)