သီပေါ ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်၉နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာရေးဆရာ ဇာဏီဟိန်း(သီပေါ)က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် သစ်တော သစ်ပင်များ ပြုန်းတီးမှုမရှိစေရေး၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ ထင်းအစားထိုးလောင်စာများ အသုံးပြုသင့်ကြောင်း၊ ရေ၊ လေ၊ မြေ ညစ်ညမ်းမှုများ၊ သစ်ပင်သစ်တောများပြုန်းတီးလာမှုများကြောင့် ဖြစ်လာတဲ့ဆိုးကျိုးများ စသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ဆိုင်သော အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)