သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သီပေါ ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိရာယနေ့နံနက်(၉)နာရီ ကအမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ  ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊  ပထမအကြိမ် ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ(၁၁၆)ဦးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံရန်ကျန်ရှိသူ (၁၈)ဦးကိုလည်း ထိုးနှံပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက် (၅)နှစ်မှ အသက်(၁၂)အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သော ကျောင်းသား၊ ကျောင်းသူများမှ ပထမအကြိမ်ထိုးနှံရန်ကျန်ရှိသူများအားထိုးနှံပေးခြင်းနှင့် ဒုတိယအကြိမ် ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)