ရှမ်းရွာသစ် ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့သစ်လမ်းရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၉၇၀၀၀၀၀/-)ဖြင့် အရှည်(၃၂၀)ပေ၊ အကျယ် (၂) ပေ၊ အမြင့်(၃)ပေရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို ဇွန်လနောက်ဆုံးပတ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်း တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလရောက်လျှင် တောင်ကျရေများစီးဆင်းပြီး ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုးတိုးတက်စေရးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင် ရာခွင့်ပြုရန်ပုံငွေများဖြင့် လမ်း၊တံတားလုပ်ငန်းများနှင့် အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)